သထုံ ဩဂုတ် ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင်စာပေများဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာရေး၊ Social Media များမှသတင်းတု၊ သတင်းမှားကိုသတိပြုကြရေး၊ အချိန်ကိုစီမံခန့်ခွဲတတ်စေရေးနှင့်အောင်မြင်သောလူငယ်တစ်ဦးဖြစ်လာစေရေးအတွက် လိုက်နာသင့်သည့်အချက်(၉)ချက်တို့ကိုဆွေးနွေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူတို့က သိလိုသည်တို့ကိုမေးမြန်းကြပြီး ဟောပြောသူကပြန်လည်ရှင်းလင်းပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးအုန်းကြိုင်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးလောင်းထန်နှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကိုခင်းကျင်းပြသထားရာ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)