ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကော့မှူး ဩဂုတ် ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေ ဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်၊ နိုင်ငံလူဦးရေ၏သုံးပုံတစ်ပုံခန့်ရှိသောလူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအမြစ်များဖြစ်ကြောင်း၊ လူငယ်တစ်ဦးချင်းစီ၌ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့်ဘောဂဟူသော ဗလငါးတန်အင်အားငါးရပ်ဖွံ့ဖြိုးတိုးတက်စေရန်လိုကြောင်း၊ လူငယ်တို့အရွယ်နှင့်ပညာအခြေခံအလိုက် အသိပညာပေးလေ့ကျင့်ပြုစုပျိုးထောင်မှုများပြုလုပ်ပေးခြင်းဖြင့် အမျိုးသားနိုင်ငံရေးအ ရည်အသွေးမြင့်မားသူများအဖြစ် နိုင်ငံ့အနာဂတ်ကိုအကျိုးပြုလာနိုင်မည်ဖြစ်ကြောင်း၊ လူငယ်တို့၏အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုအရည်အသွေးများဖြင့်နိုင်ငံကိုအလုပ်အကျွေးပြုကြရန်၊ ငယ်ရွယ်နုပျိုမှုသည်နှစ်ခါပြန်မရနိုင်သည့်အခွင့်အရေးဖြစ်ကြောင်း၊ လူငယ်များအနေဖြင့်မည်သည့်အရာကိုရည်မှန်းသည့်ဖြစ်စေရည်မှန်းချက်ပန်းတိုင်နှင့် အနီးဆုံးအခြေအနေမှာရှိနေဖို့အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့်အရာရာကိုစပ်စုလေ့လာသင့်ကြောင်းနှင့် လူငယ်များနှင့်ပတ်သက်သောအကြောင်းအရာများအား ဟောပြောခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲအားကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး)ကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ(၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို တာဝန်ရှိသူများကအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)