မဟာအောင်မြေ ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် ဟေမမာလာတောင်ရပ်ကွက်အတွင်း သဗ္ဗသုခဓမ္မာရုံ၌ အများပြည်သူများကို မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်၂၆ရက်က ကျင်းပသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ၏ လုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် တိကျမှန်ကန် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသော မဲရလဒ်များရရှိနိုင်ခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်များလျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေညာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေလင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ အဆိုပါ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ကျန်ရပ်ကွက်များ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အောင်ဇော်မင်း