ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း သား/ငါးစားသုံးမှုဖူလုံစေရေး ကြက်နှင့်ဝက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၂၆

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ သား/ငါး စားသုံးမှု ဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ပုဂ္ဂလိကပိုင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်‌ရေး ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နန်းကွေ့ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နန်းကွေ့ ကျေးရွာ၊ နယ်မြေ (၄)အတွင်းရှိ ပိုင်ရှင်ဦးအောင်သူလင်း၏ အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး ကြက်ခြံ (၂)အတွင်း အသားတိုးကြက်သားပေါက်နှင့် ကြက်ကြီးကောင်ရေ (၃၅၀၀)ကျော်အား စနစ်တကျမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဒေသတွင်း ပြန်လည် ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများနှင့် ကြက်သားပေါက်နှင့် ကြက်စာဝယ်ယူရရှိနိုင်ရေး၊ လွယ် ကူမြန်ဆန်စွာ သယ်ယူရရှိရေးတို့အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပေးနိုင်ရေး သက်ဆိုင် ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တိရစ္ဆာန်အာဟာဖြည့်စွက် အစာအိတ်များနှင့် မွေးမြူ‌ရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အတူ အဆိုပါကျေးရွာအတွင်း ဒေသကျွဲများ မွေးမြူ၍ လွတ်ကျောင်းစနစ်ဖြင့် မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျွဲများအား ခြံလှောင်စနစ်ဖြင့် နည်းစနစ်တကျ မွေးမြူနိုင်‌ရေး ပိုင်ရှင်နှင့် တာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအတွင်း ပိုင်ရှင်ဦးဝင်းဆွေ၏ အသားတိုးဝက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး အသားတိုးဝက်များအား စနစ်တကျ မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဒေသတွင်း ဝက်ခုံ များသို့ ဖြန့်ဖြူးရောင်းချပေးနိုင်မှု အခြေအနေများနှင့် ဝက်သားပေါက်နှင့် ဝက်စာဝယ်ယူရရှိမှု အခြေအနေများ၊ တိရစ္ဆာန်ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ စနစ်တကျ ပြုစုဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများနှင့် အစာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)