ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်ဖြင့် မဲပေးမှုအသိပညာပေး 

ကျောက်ပန်းတောင်း     ဩဂုတ်   ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို ဩဂုတ်၂၅ရက် ညနေ ၃ နာရီခွဲက စံပြရပ်ကွက်၊ အောင်ဇဗ္ဗူလမ်းရှိ မဟာဗောဓိဓမ္မာရုံတွင်  ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နှင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ ဆက်လက်၍ ရပ်ကွက်နေပြည်သူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်။ ယင်းနောက် မဲရေတွက်ခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များ စိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြဆောင်ရွက်သည်။

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲပေးစက်ဆိုင်ရာ အသိပညာ ပေးခြင်း လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယနေ့မှစ၍ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)