ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးစရိတ်ငွေကျပ်သိန်း၈၇၀၀ ကျော် ထုတ်ချေးပေးပြီးဖြစ်

ကျောက်ဆည်   ဩဂုတ်   ၂၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင် ဘဏ်ခွဲမှ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ကြွေးမြီကင်းရှင်းပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့အချိန်အထိ စိုက်ပျိုးစရိတ် ကျပ်သိန်း ၈၇၀၀ ကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးများ ထုတ်ချေးပေးရာ၌ လယ်သီးနှံဖြစ်သည့် စပါး(၁)ဧကတွင် ငွေတစ်သိန်းခွဲကျပ်၊ ယာသီးနှံများဖြစ်သည့် ကုလားပဲ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ သီးနှံများအတွက် တစ်ဧက ငွေကျပ်တစ်သိန်းကျပ်နှုန်းဖြင့် ကျေးရွာအုပ်စု(၄၃)အုပ်စုမှ တောင်သူ ၁၃၇၅ဦး၏ စပါးသီးနှံ ၅၃၄၃ဧက၊ ပဲတီစိမ်း သီးနှံ ၇၀၄ဧက၊ ချည်မျှင်ရှည်ဝါသီးနှံ(၅၉)ဧက၊ ကုလားပဲသီးနှံ(၁၀)ဧက စုစုပေါင်းသီးနှံမျိုးစုံ(၆၁၁၆)ဧက အတွက် စိုက်ပျိုးစရိတ်ငွေကျပ်သိန်း ၈၇၀၀ ကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး  ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်းနှစ်သောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ သိရသည်။

သက်မောင်၊ကျောက်ဆည်