ပုဇွန်တောင် ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးပထမပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အသွင်သဏ္ဍန်နှင့် အနှစ်သာရကောင်းမွန်မှုစစ်ဆေးမှု၌ အကောင်းဆုံးဆုရရှိသည့် ရပ်ကွက်များအား ဆုချီးမြှင့်ပေးခဲ့ပြီး အစည်းအဝေးဒုတိယပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့လုပ်ငန်းများအား အဆင့်ဆင့်ကြီးကြပ်ရန်နှင့် မှတ်တမ်းများ ပြည့်စုံအောင် ဆောင်ရွက်ကြရန်၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရေး၊ ရုံးဌာနများနှင့်ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ကြရန်၊ မိမိတို့ရုံးဌာနများ လုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ကြရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများအတွက် အကျိုးရှိသောလုပ်ငန်းများအား အဓိကထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးမှာကြားခဲ့ကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဆွေးနွေးတင်ပြရန်ရှိသည်များ ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်