အမရပူရ​​မြို့နယ် အ.ထ.ကယန္တရား၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ဆုချီးမြှင့်ပွဲ ကျင်းပ

အမရပူရ သြဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (ယန္တရား)တွင် ယနေ့နံနက် ၉ နာရီက ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမရပူရခရိုင်ပညာရေးမှူး၊ ဒေါ်ထုလွမ်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်းဖွံ့ဖြိုးရေးကို ရှေးရှု၍ ယခုလိုအားကစားများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မုဒိတာစကား​ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆုပေးပွဲကို ကျင်းပရာ ကျောင်းသူလေးများက မြန်မာအားကစားကမ္ဘာကိုလွှမ်းရမည် သီချင်းနှင့် ထာဝရသစ္စာသီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင်အသင်းငါးသင်းမှ ဘောလုံးအားကစားသမားများက Fitness Dance သီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက ဆုရအသင်းများနှင့် အကောင်းဆုံးဘောလုံးသမားဆုများကို ဆုတံဆိပ်နှင့် ဆုကြေးငွေများကို ပေးအပ်ခဲ့ကြသည်။ ကျောင်းအုပ်ဆရာမကြီးက ပထမဆုရ အလောင်းဘုရားအသင်း (အနီ) သင်းအား ပထမဆုဒိုင်းကြီးနှင့် ဆုကြေးငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)