တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အမှတ်(၁)ရပ်ကွက်၌ ကျင်းပ

တန့်ယန်း ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) ရပ်ကွက် လှဧကရီခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ ဖွဲ့စည်းတည်ဆောက်ထားမှု၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုများနှင့် ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော အမှတ် (၁) ရပ်ကွက်နေ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့ စမ်းသပ်မဲပေးကြရာ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)