ရမည်းသင်းမြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက် သရုပ်ပြသ

ရမည်းသင်း ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းအုပ်စု၊ ကောင်းမြတ်သုခ (အထွေထွေရောဂါကုဆေးရုံ)၌ ယနေ့နံနက်က မြေငလျင်လှုပ်ခတ်မှု ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်သရုပ်ပြသခြင်းကို ဆောင်ရွက်သည်။

အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့် အနီးကပ်ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များဖြင့် မြေငလျင်လှုပ်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြုနည်း၊ ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်သရုပ်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့်တပ်ဖွဲ့ဝင် ၁ ဦးမှ (Brave Heart) တစ်ကိုယ်ရည် မီးသတ်စွမ်းရည်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်း ကိရိယာပြခန်းများ ခင်းကျင်းပြသခဲ့သည်။

ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က အမှာစကားပြောကြားကာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က life Jacket များ လှူဒါန်းခြင်းနှင့် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များစုပေါင်း၍ Chainsaw (၂) လက်အား ပေးအပ်လှူဒါန်းခဲ့သည်။

အခမ်းအနားကို ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)