နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာကျေးရွာသို့သွားရောက်ပြီး ဘုန်းတော်ကြီးကျောင်း၌ တောင်သူများနှင့် တွေ့ဆုံပွဲတက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနူန်းဖြင့် ဖြန့်ဝေပေးသည့် ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေ ရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လယ်ယာ‌မြေများတွင် ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဓာတ်မြေဩဇာသွင်းအားစုများအား လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များမှ ပိုက်ဆံလျှော်နှင့် နေကြာမျိုးစေ့များအားလည်းကောင်း တောင်သူများထံပေးအပ်ကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူများနှင့်အတူ မြေပဲရိုးဖြင့် သဘာဝမြေဩဇာပြုလုပ်နည်းသရုပ်ပြသ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)