ပုဇွန်တောင် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေးအတွက် စည်ပင်သာယာဝန်ထမ်းများက အဖွဲ့များခွဲကာ အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပုဇွန်တောင်မြို့နယ်အတွင်းရှိ လိုင်စင်ရှိဆိုင်/လုပ်ငန်းများမှ ကော်မတီပိုင်လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်း ရောင်းချမှုမရှိရေးကို ယမန်နေ့နံနက်ပိုင်းက အနော်ရထာလမ်းမတစ်လျှောက်ရှိ ဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကာ ကော်မတီပိုင် လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်း ရောင်းချမှု မရှိစေရေး ဆောင်ရွက်ပေးခဲ့သည်။
ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျရှိစေရေး၊ ကိုဗစ်ရောဂါပြန့်ပွားမှုမရှိစေရေးတို့အတွက် ဆောင်ရွက်သည့်လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် လက်ထောက်အုပ်ချုပ်ရေးမှူးတို့မှ နေ့စဉ်အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်(ပြန်/ဆက်)