သန်လျင်ခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်

ရန်ကုန် ဩဂုတ် ၂၄

သန်လျင်ခရိုင်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့၊ သီဟဒီပအားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များမှ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ထောက်ပံ့သော ဆန်နှင့်ဆီများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သန်လျင်တပ်နယ်မှူး ဗိုလ်ချုပ်ထွန်းလူ၊ တိုင်းဒေသကြီးဝန်ကြီးများက ပေးအပ်ကြပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သန်လျင်တပ်နယ်မှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံအားပေးပြီး လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)