သထုံမြို့နယ် ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

သထုံ ဩဂုတ် ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅ ခုနှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ခရိုင်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာ သထုံမြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)နှင့် အ.လ.က အခြေခံပညာကျောင်းများအလိုက် ဘောလုံးအားကစားအသင်းအဖွဲ့ (၂၂)ဖွဲ့တို့က ကွင်းအတွင်း ချီတက်နေရာယူကြပြီး အားကစားသစ္စာဓိဋ္ဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးက အားကစားပြိုင်ပွဲ ကျင်းပပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီးနောက် အားကစားအသင်းအဖွဲ့တို့က ဧည့်သည်တော်များအား ဂါရဝပြုခြင်း၊ ကျောင်းသား၊ ကျောင်းသူများက အားကစားသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကြမည့် အ.ထ.က(ကဿဖ)ကျောင်းအသင်းနှင့် အ.ထ.က(ညောင်ချောင်း)ကျောင်းအသင်းတို့ ကွင်းအတွင်းဝင်ရောက်နေရာယူခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ကြကာ မြို့နယ်ပညာရေးမှူးက ဘောလုံးစတင်ကန်၍ ပြိုင်ပွဲအား စတင်ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ဖူဆယ်နှင့် ပြေးခုန်ပစ်အားကစားနည်းတို့ကို သထုံခရိုင် အားကစားကွင်းနှင့် မြို့နယ်အားကစားခန်းမတို့၌ စက်တင်ဘာလ(၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)