လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်

လယ်ဝေး ဩဂုတ် ၂

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည်ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ ပန်းတင်ကျေးရွာ၊ ကြောင်ရေကျေးရွာနှင့် သက်ကယ်ချင်းကျေးရွာစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ပန်းတင်ကျေးရွာ ရွှေပန်းတင်စာကြည့်တိုက်သို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကာ ဆိုလာမီးသီးနှင့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်နှင့် ပြည့်စုံသည့် ဘက်စုံထူးချွန်သည့် မျိုးဆက်သစ် လူငယ်များဖြစ်လာစေရေးအတွက် စာဖတ်သည့်အလေ့အကျင့်စွဲမြဲစေရန် ပြုစုပျိုးထောင်ပေးနေခြင်း ဖြစ်သည့်အတွက် အလေးအနက်ထား ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ကြောင်ရေကျေးရွာ၊ ပညာအလင်းရောင်စာကြည့်တိုက်နှင့် သက်ကယ်ချင်းကျေးရွာ ပညာကမ္ဘာစာကြည့်တိုက်များသို့ သွားရောက်၍ စာကြည့်တိုက်ရှင်သန်ခိုင်မာရေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူ များအား ဆိုလာမီးသီးနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)