မော်လမြိုင် ဩဂုတ် ၂၄
မွန်ပြည်နယ်အတွင်း မြို့နယ်များအားလုံးတွင် သန့်ရှင်း၍ သာယာလှပြီး မြို့အင်္ဂါရပ်များနှင့်ကိုက်ညီစေရေးအလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လေယာဉ်ကွင်းရှေ့၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်းတွင်သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့သန့်ရှင်း၊ သပ်ရပ်သာယာလှပရေးနှင့် အများပြည်သူများ စိမ့်အေးချမ်းမြေ့မှုရှိစေရေး ဆောင်ရွက်ပေးကြရန်နှင့် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ လေယာဉ်ကွင်းရှေ့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသာယာလှပမှုရှိစေရေး၊ အမှိုက်များမရှိစေရေးနှင့် မော်လမြိုင်လေဆိပ် အနီးပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)