နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပ‌ရေး၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီသီရိမြို့နယ်၊ ပတ္တာရွာဟောင်းရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ပျိုးခြံ အမှတ်-၂ သို့သွားရောက်ပြီး ပျိုးခြံအတွင်း နှစ်တို၊ နှစ်ရှည်ပင်များ၊ အရိပ်ရ လေကာအပင်များပျိုးထောင်ထားရှိမှုများနှင့် ပျိုးပင်များပျိုးထောင်ရန်အတွက် မြေ‌ဆွေးအိတ်များပြုလုပ်ခြင်းနှင့် သဘာဝမြေဆွေးများ ပြုလုပ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကုမုဒြာကြာပန်းအဝိုင်းအနီး ရာဇသင်္ဂဟလမ်းတွင် လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပ ရေးဆောင်ရွက်နေမှုများ၊ ပလပ်ဖောင်းများ ပြုပြင်ထားရှိမှုများ၊ မြေယာရှုခင်းနှင့် ပန်းအလှပင်များ ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇ‌ဗ္ဗူရပ်ကွက်သို့သွား‌ရောက်ပြီး မဟာစည်သာသနာ့ရိပ်သာအဝင်လမ်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး သန့်ရှင်းရေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့၊ အောင်ချမ်းသာရပ်ကွက် ဗိုလ်ချုပ်လမ်းသို့သွားရောက်ပြီး လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ဈေးကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း လမ်း‌ဘေးဝဲ/ယာ ရေစီး‌ရေလာကောင်းမွန်စေရေးအတွက် ကျောက်စီရေမြောင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့် လုပ်ငန်းသုံးပစ္စည်းများအသုံးပြုရေး၊ Box Culvert များအား စနစ်တကျ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့‌‌ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)