နေပြည်တော် ဩဂုတ် ၂၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်ပျဉ်းမနားမြို့နယ်၊ နတ်သူရဲကျေးရွာ ကွင်းအမှတ်-၁၇၀၄ သို့သွားရောက်ပြီး မိုးစပါးစိုက်ခင်းအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာစု ပေါင်းကြဲပက်ပွဲနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်၍ တောင်သူများနှင့်တွေ့ဆုံပြီး မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနူန်းဖြင့် ဖြန့်ဝေပေးသည့် ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးတို့မှနေကြာမျိုးစေ့များအား တောင်သူများထံပေးအပ်ကြပြီး တောင်သူများ၏တင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက သွင်းအားစုများ သုံးစွဲပုံနှင့် သဘာဝမြေဩဇာပြုလုပ်နည်းများ၊ ရေသွင်း၊ ရေထုတ်မြောင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူဒေါ်သန်းသန်းစိန်၏ လယ်တွင် မိုးစပါးအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာစုပေါင်းကြဲပက်နေမှုအားလည်းကောင်း၊ စပါးခွံ ကြံမြုပ်ချေးတို့ဖြင့် သဘာဝမြေဩဇာပြုလုပ်နည်း သရုပ်ပြသခြင်းနှင့်သဘာဝ မြေဩဇာပုံများ ပြုလုပ်ထားရှိမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ နှမ်းတောကျေးရွာသို့ သွားရောက်ပြီး ကျေးရွာလူထုခန်းမတွင် ကျင်းပပြုလုပ်သည့် မိုးစပါးတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ သွင်းအားစုပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်မှ သက်သာသော ဈေးနူန်းဖြင့် ဖြန့်ဝေပေးသည့် ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး၊ သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုး ရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြု ဆောင်ရွက်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းများအား တိုးတက်အောင်ဆောင်ရွက်ရန်နှင့် ဒေသတွင်း စားရေရိက္ခာဖူလှုံစေရေးအတွက် နွား၊ ဆိတ်၊ ဥစားကြက်၊ ဥစားဘဲများ တိုးချဲ့ဆောင်ရွက်မွေးမြူရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ဓာတ်မြေဩဇာနှင့် သွင်းအားစုများအား အချိန်ကာလအလိုက် အသုံးပြုပုံများနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးတင်ပြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက ဓာတ်မြေဩဇာသွင်းအားစုများအား တောင်သူများထံ ပေးအပ်ကာ တောင်သူများ၏တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)