နေပြည်တော် ဩဂုတ် ၂၄
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ်အတွက် အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်းတန်ဖိုးဖြတ်စံနှုန်းများ စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်းတန်ဖိုးဖြတ်စံနှုန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (ပထမ ၆ လပတ်)မှာ သတ်မှတ်ခဲ့တဲ့ အိမ်၊ ခြံ၊ မြေ စံနှုန်းတွေဟာ နေရာဒေသအလိုက် ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေအရ အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်းတွေရဲ့တန်ဖိုးတွေ ဟာ တစ်ချို့နေရာတွေမှာမြင့်တက်လာတဲ့အတွက် ယခု (ဒုတိယ ၆ လပတ်)မှာ စံနှုန်းတွေ ပြန်လည်သတ်မှတ်နိုင်ရန် ရည်ရွယ်၍ ယခုလို အစည်းအဝေးကျင်းပရခြင်း ဖြစ်ကြောင်း၊ အတည်ပြု စံနှုန်းများ ကိုလည်း အများပြည်သူများ သိရှိနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တရားဝင် Websiteများတွင်ထည့်သွင်းကြေညာသွားမှာဖြစ်ကြောင်း၊ အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်းတန်ဖိုး ဖြတ်စံနှုန်းများ စိစစ်ရေးကော်မတီအနေနဲ့ စံနှုန်းတွေကို မြေပြင် ဈေးကွက်ပေါက်ဈေးနှင့် အနီးစပ်ဆုံးဖြစ်စေရေး ညှိနှိုင်းသတ်မှတ်သွားကြရန်နှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေများအပြည့်အဝကောက်ခံရရှိနိုင်ရေးတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်း တန်ဖိုးဖြတ်စံနှုန်းများ စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသက်ဆိုင်အောင် က တန်ဖိုးဖြတ်စံနှုန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)