ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ တိုးချဲ့ဖွဲ့စည်းရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

ဥတ္တရသီရိ ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့အား ခုနှစ်ပါးဖြင့် တိုးချဲ့ဖွဲ့စည်းရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်တွင်ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကိတ္တိသာရ အမှူးပြုသော ဆရာတော်ကြီးများ၊ ဥတ္တရသီရိမြို့နယ် ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များ၊ နေပြည်တော်သာသနာရေးမှူး ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးသန့်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးမျိုးချစ်နှင့် မြို့နယ်သာသနာရေးမှူးရုံးမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ကို  ခုနှစ်ပါးဖြင့် တိုးချဲ့ဖွဲ့စည်းရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးတွင် ကြီးကြပ်ရေးအဖွဲ့အကျိုးတော်ဆောင် ဒေါက်တာဘဒ္ဒန္တစန္ဒာဝရက အခမ်းအနားမှူးဆရာတော်အဖြစ် ဆောင်ရွက်၍ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကိတ္တိသာရမှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အစည်းအဝေးစတင်ခဲ့သည်။

ထို့နောက် သဘာပတိဆရာတော်က ဩဝါဒကထာမြွက်ကြားခဲ့ပြီး  တိုးချဲ့ဖွဲ့စည်းထားသော ဆရာတော်နှစ်ပါးဖြစ်သည့် ဘုရားတောင်(ရွှေလရောင်) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒော ဘာသနှင့် ရွှေဟင်္သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝတို့ကို အတည်ပြုရွေးချယ်ဖတ်ကြား ကြေငြာခဲ့ပြီး ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင်  ဥက္ကဋ္ဌဆရာတော်အဖြစ် ဘဒ္ဒန္တတေဇော ဘာသ၊ ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ် ဘဒ္ဒန္တကုဏ္ဍလ၊ အောင်သစ္စာ(လဲဝန်း)ကျောင်းတိုက်နှင့် အဖွဲ့ဝင်ဆရာတော်ငါးပါးတို့အား အတည်ပြုရွေးချယ်ခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ ကြွရောက်‌တော်မူကြသည့် ဆရာတော်များအားတာဝန်ရှိသူများက နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)