ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဘီးလင်း သြဂုတ် ၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကို သြဂုတ် ၂၂ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုလုပ်ငန်းစဉ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသက် (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးတိုက်ကျွေးခြင်းနှင့် အာဟာရပံ့ပိုးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပံ့ပိုး​ပေးခြင်းများကိုပြုလုပ်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ကလေးငယ်များအား ဗီတာမင်အေဆေးတိုက်ကျွေးခြင်းနှင့် အာဟာရများထောက်ပံ့ခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပံ့ပိုးပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)