ပင်လောင်း ဩဂုတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် GEC (ပညာရေး) သမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ်လ(၂၂)ရက်နေ့နံနက်(၁၀) နာရီအချိန်က ပင်လောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိသည်။
အခမ်းအနားတွင် GEC (ပညာရေး) သမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌ၊ သဘာပတိ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှမြင့်နှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစိုင်းနော်ခမ်းတို့က သမဝါယမဆိုင်ရာလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ အသင်းလီမိတက် အတွင်းရေးမှူး ဒေါ်နော်ခင်ခင်နိုင်က အသင်း၏ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးဉာဏ်လှိုင်ဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှု စာရင်းကိုလည်းကောင်း၊ အသင်းသားစာရင်းစစ်ခေါင်းဆောင် ဦးအောင်စိုးက အသင်းသားစာရင်းစစ်အစီရင်ခံစာကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ဖြေဆိုအောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ မိသားစုဝင် သား၊ သမီးများအား GEC (ပညာရေး) သမဝါယမအသင်းလီမီတက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)