မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

တောင်ကြီး  သြဂုတ် ၂၄

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီတွင်  တောင်ကြီး မြို့၊ မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း(၆၀)ဦး၊ နိုင်ငံရေးပါတီများမှတာဝန်ရှိသူ (၄၀)ဦး၊ မဲဆန္ဒရှင်ပြည်သူ (၃၀၀)ဦး စုစုပေါင်းအင်အား (၄၀၀)ဦးတက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရန်နှင့် နိုင်ငံ‌ရေးပါတီများကို ဥပဒေနှင့်အညီဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ၁၀(ဂ)ပါလုပ်ပိုင်ခွင့်များကိုကျင့်သုံးပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှလည်း သတ်မှတ်ပေးထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များဖြစ်သည့် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ကြီးကြပ်ခြင်း၊ မဲစာရင်းများပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့်ကြေညာခြင်း၊ နိုင်ငံရေးပါတီများကိုကြီးကြပ်ခြင်း စသည့်တာဝန်များကို ကျေပြွန်စွာထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ယခုကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင်မြို့နယ်ပေါင်း (၅၅)မြို့နယ် ရှိသည့်အနက် (၃၆)မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ ပထမအပိုင်းတွင် (၁၂)မြို့နယ်မှာ စတင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲကို၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာပြီး ဖြစ်ပါကြောင်း၊ ယခင်ကမဲဆန္ဒရှင်များသည် မဲလက်မှတ်များအသုံးပြု၍မဲပေးခဲ့ရပြီး ယခုအခါတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များအသုံးပြု၍မဲပေးပြီးအပိုင်းအလိုက်ရွေးကောက်ပွဲ ဆောင်ရွက်မှာဖြစ်ကြောင်း၊ ယခင်ကရွေးကောက်ပွဲကျင်းပသည့် နည်းစနစ်သည်မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)ကိုအသုံးပြုခဲ့ပြီး ယခုအခါ ရော‌နှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကိုအသုံးပြု၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းများကို မဲရုံတာဝန်ထမ်းဆောင်မည့်မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့်မဲပေးစက်ကိုင်တွယ်မည့် ဆရာ/ဆရာမများကိုသင်ကြားပေးပြီးဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများကို မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခွန်မြတ်ဆန်းထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ပါဝါပွိုင့်(Power Point) ဖြင့်ရှင်းတင် ပြခဲ့သည်။

အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့ နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများမှ မြန်မာအီလက်လရောနစ်မဲပေးစက်(MEVM)ဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်များအတွက် လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)