မိုင်းဖြတ် ဩဂုတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူများ မဲပေးရာတွင် အခက်အခဲမရှိစေရေး၊ လွယ်ကူစွာမဲပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ သိကောင်းစရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဝမ်ဟွေရပ်ကွက်နှင့် ဝမ်မိုင်ရပ်ကွက်တို့တွင်လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးရာတွင် ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်မြတ်မိုးက မဲပေးစက် (MEVM)အကြောင်း သိကောင်းစရာများနှင့် စမ်းသပ်မဲပေးပုံ အဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူများက စမ်းသပ်မဲပေးခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး သိလိုသည့်အချက်များကို ကြည့်ကြပ်ဆောင်သူများက ရှင်းလင်းပြောကြားပေးခဲ့သည်။ မိုင်းဖြတ်မြို့နယ်တွင် အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ အသိပညာပေးခြင်းများကို ရပ်ကွက်နှင့် ကျေးရွာများသို့ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(မိုင်းဖြတ်)