လင်းခေး သြဂုတ် ၂၃
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် မဲဆန္ဒရှင်အများပြည်သူတို့ မှန်ကန်၊ မြန်ဆန်၊ လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် ဟူသည့် ရည်ရွယ်လျက် မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ ဒါးဆိပ်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းစနစ် အသိပညာပေး ဟောပြောခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်း လက်တွေ့သရုပ်ပြသခြင်းကို သြဂုတ် ၂၂ နံနက် ၉ နာရီခွဲက ဒါးဆိပ် အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စမ်းသပ်ဆန္ဒမဲပေးခြင်း မစတင်မီ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက မြန်မာ/ရှမ်းနှစ်ဘာသာဖြင့် (MEVM)စက်နှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းများနှင့် ပတ်သက်၍ ယခုကဲ့သို့ လာရောက်ကွင်းဆင်းဆောင်ရွက်ရခြင်းအကြောင်း၊ မကြာမီကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) အသုံးပြု၍ မဲဆန္ဒရှင်ပြည်သူလူထု မဲပေးသွားနိုင်ရေးအတွက် လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ လင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကျေးရွာမဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖွဲ့စည်းထားရှိပုံ၊ မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စေရေး အဆိုပါ မဲပေးစက် အသုံးပြုပုံအဆင့်ဆင့် အားရှင်းလင်းပြသပေးခြင်း၊ တက်ရောက်လာသူများက တစ်ဦးချင်းအလိုက် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ ဆောင်ရွက်ခဲ့ပေးခဲ့ကြပြီး စမ်းသပ်မဲ ပေးခြင်းကို ရုပ်သိမ်းလိုက်ပါသည်။
လင်းခေးခရိုင်၊ လင်းခေးမြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းပို့ချပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့နေရာ အသီးသီးတို့၌ (၂၃-၇-၂၀၂၅) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြပြီး၊ ကျန်ရှိနေရာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)