ရန်ကုန် ဩဂုတ် ၂၃
ဝဇီရာရုပ်ရှင်ရုံအဆင့်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်နှင့် လုပ်ငန်းကော်မတီဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှုးချုပ်ရုံး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာတွင် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီသုံးခုတို့ကို ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားမှုနှင့်အညီ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ ရုပ်ရှင်ရုံ၏ရှေးလက်ရာများကို မပျောက်ပျက်စေရန် ပြုပြင်မှုများကိုဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာပွဲများ ဖျော်ဖြေမှုမှတစ်ဆင့် နိုင်ငံ၏ဂုဏ်ကိုပြသနိုင်မည်ဖြစ်ပါကြောင်း၊ ဝဇီရာရုပ်ရှင်ရုံသည် ရှေးဟောင်းလက်ရာ အမွေအနှစ် အဆောက်အအုံတစ်ခုဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများပြသနိုင်ရန် ရုပ်ရှင်ရုံအဖြစ်သာမက ဇာတ်သဘင်၊ ဂီတဖျော်ဖြေပွဲများ အသုံးပြုနိုင်ရန်နှင့် လူအများအပန်းဖြေကြည့်ရှုနိုင်သည့် နေရာတစ်ခုဖြစ်ရန် ပညာရှင်များနှင့် နည်းပညာရှင်များက ဝိုင်းဝန်းထိန်းသိမ်း အကောင်အထည် ဖော်သွားစေလိုပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် မိမိတို့လုပ်ဆောင်ရမည့် ကဏ္ဍအလိုက် လျာထားချက်များ၊ ပုံစံများ၊ အချိန်ကာလခန့်မှန်းချက်နှင့် ခန့်မှန်းကုန်ကျမည့်ငွေ စသည်ဖြင့် လိုအပ်သည်များကို တွက်ချက်ပြုစုပြီး ပထမအဆင့်အဖြစ် လုပ်ငန်းကော်မတီထံ စက်တင်ဘာလ ဒုတိယပတ်ခန့်တွင် တင်ပြနိုင်ရေး ဆောင်ရွက်ပေးကြစေလိုပါကြောင်း ဆွေးနွေး မှာကြားသည်။
ထို့နောက် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးရဲတင့်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
အောင်မြင့်