နေပြည်တော် ဩဂုတ် ၂၃
မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှု အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ SMU ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးဝင်းမြင့်နှင့်အဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ ၂၅၀ ဦးခန့် တက်ရောက်သည်။
ဦးစွာ ဒက္ခိဏသီရိမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်မှ မဲစာရင်းများကြည့်ရှုခြင်း၊ အမည်စာရင်းမပါရှိပါက ဆောင်ရွက်ရန် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်း၊ ဦးစီးအရာရှိ ဦးမင်းထက်အောင်မှ ပြည်သူများအနေဖြင့် MEVM (Myanmar Electronic Voting Machine) စနစ်ဖြင့် မဲပေးပုံပေးနည်းများ၊ မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်တို့အား မဲပေးစက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြ မဲပေးခြင်းအား ရှင်းလင်းပြောကြားခြင်း၊ ကျေးရွာအုပ်စုနေပြည်သူများမှ MEVM စနစ်ဖြင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများအား အပိုင်းသုံးပိုင်းခွဲကာ စမ်းသပ်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)