တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး သြဂုတ် ၂၃

၁၃၈၇ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တောင်ကြီးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လှိုင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် မီးပုံးပျံပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည် နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုးက ပွဲတော်စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစဉ်အစီများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တောင်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လှိုင်က တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်းတင် ပြပြီး တောင်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သက်ဦးက လုံခြုံရေးကိစ္စရပ်များနှင့် လိုက်နာရမည့် အချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မီးပုံးပျံပညာရှင်များအသင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မီးပုံးပျံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသော ဌာနများနှင့် လုပ်ငန်းလိုင်စင် ရရှိထားသော လုပ်ငန်းရှင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များအား မီးပုံးပျံ ပညာရှင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)