ရေး ဩဂုတ် ၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ (မြို့နယ်အဆင့်) အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရေးမြို့နယ်၊ တပ်နယ်မှူးဗိုလ်မှူးကြီး ကောင်းဇော်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မျိုးထက်က အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပေးသည်။
ဆက်လက်၍အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အသိပညာပေးဗီဒီယိုကလစ်ကို ဖွင့်လှစ် ပြသပေးပြီး အိုင်အိုဒင်းဆားစစ်ဆေးမှုကို ကျန်းမာရေးဝန်ထမ်းများက လက်တွေ့သရုပ်ပြသပေးကာ တက်ရောက်လာကြသူများက သိရှိလိုသည့်အချက်များ မေးမြန်းခဲ့ကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော် မျိုးထက်က ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား အားဆေးပေးခြင်း၊ အသက် တစ်နှစ်မှ ငါးနှစ်အတွင်းကလေးငယ်များအား ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်း၊ ကလေး အာဟာရစစ်ဆေးပေးခြင်း၊ အသက်ခြောက်လမှငါးနှစ်အတွင်း ကလေးငယ်များအား အဏုအာဟာရ မှုန့်ဘူးပေးခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှင်းသန့်ဖြူ