ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဟိုပုံး ဩဂုတ် ၂၃

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သီရိမင်္ဂလာဗိမာန်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဟိုပုံးမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရန်ပုံငွေမှ ပေးအပ်သည့် ၂၀၂၅ ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လအတွက် ထောက်ပံ့ငွေများကို ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် တစ်လအတွက် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့ငွေများအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် အညီပေးအပ်နိုင်ရေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သန်းဋ္ဌေးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းတို့က အရှေ့ရပ်ကွက်၊ အနောက်ရပ်ကွက်၊ တောင်ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ မြို့ဦးကွက်သစ်ရပ်ကွက်နှင့် တုံခမ်းရပ်ကွက်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူ(၁၃၆၂)ဦး တစ်လလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းသုံးလအတွက် ငွေကျပ်(၈၁၇)သိန်းနှစ်သောင်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ ထုတ်ပေးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)