မြစ်ကြီးနား သြဂုတ် ၂၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ မှာကြားချက်များအား ကချင်ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများနှင့် (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းမှာကြားပြီး လမ်းညွှန်ချက်များအတိုင်း လိုက်နာလျက် နိုင်ငံတော်၏ မူဝါဒ၊ ဦးတည်ချက်များနှင့် ဌာနက ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် အမှုများကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ဆောင်ရွက်ကြရေး၊ ဝန်ထမ်းများ ၏ တစ်ဦးချင်းအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်သွားကြရေး မှာကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်၊ ဦးအောင်မြင့်၊ ဒေါ်ပြုံးပြုံးကြည်တို့က တရားစီရင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က တရားရုံးစီမံခန့်ခွဲရေးကိစ္စရပ်များအပေါ် သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားရေး အရာရှိများ၊ တရားသူကြီးများ၊ ဝန်ထမ်းများက သက်ဆိုင်ရာခရိုင်၊ မြို့နယ်များအလိုက် ရုံးလုပ်ငန်းဆိုင်ရာများ၊ အမှုများကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်