မော်လမြိုင် ဩဂုတ် ၂၃
မွန်ပြည်နယ် မော်လမြိုင်မြို့ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ Agro-base Industries ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေးဟူသော ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေး၊ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းလိုအား မြှင့်တင်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးတို့အတွက် MSME ချေးငွေများ၊ မြစိမ်းရောင် ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတို့မှ ရင်းနှီးမတည်ငွေများ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်များဖြစ်သော စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကဏ္ဍ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ကျရာကဏ္ဍအလိုက် မိမိတို့တတ်စွမ်းသမျှ ကာယ၊ ဉာဏစွမ်းအားတို့ဖြင့် နိုင်ငံ့စီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး ဦးဆောင်ဆွေးနွေးမည့် ပညာရှင်များနှင့် မိတ်ဆက်ခဲ့ကြသည်။
ထို့နောက် Professional Engineer ဦးနေမျိုးမောင်က နည်းပညာပိုင်း ဆိုင်ရာများအား ဆွေးနွေးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ဆွေးနွေးသည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ဘွားက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် Strategic Entrepreneurship For Mon State's Better Future အကြောင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)