မော်လမြိုင် ဩဂုတ် ၂၃
မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်း၀င်ဆံတော်ရှင် ကျိုက်သုတ် စေတီတော်မြတ်ကြီး၌ အစဉ်အလာမပြတ် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ ကျော်မှစတင်၍ ဆေးပဋ္ဌာန်းပူဇော်ပွဲကို နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ရာ ယခု(၁၄၀) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက စေတီတော်မြတ်ကြီး၏ ဓမ္မာရုံတော်အတွင်း၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ (၁၄၀) ကြိမ်မြောက် ဆေးပဋ္ဌာန်း လှူဒါန်းပွဲ အလှူတော် မင်္ဂလာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး ဆံတော်ရှင် ကျိုက်သုတ် စေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့၏ ဩဝါဒစရိယ (ရွှေတောင်ကျောင်း ဆရာတော်ထံမှ) ရှစ်ပါးသီလတော်မြတ်များ ခံယူဆောက်တည်ခဲ့ကြကာ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ ပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ထိုနောက် ဆံတော်ရှင်ကျိုက်သုတ် စေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ ဥက္ကဠ ဦးအောင်ကျော်ဦးက ဆေးပဋ္ဌာန်းလှူဒါန်းရခြင်း အကြောင်းနှင့် ဆေးလှူဒါန်းသော အလှူရှင် များအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကြွရောက်လာသော ဆရာတော် သံဃာတော်များထံ ကျန်းမာရေးအတွက် တိုင်းရင်းဆေးနှင့် နိုင်ငံခြားဆေးများကို “အာယုဒါန” ဆေးပစ္စည်း အလှူများနှင့် အလှူတော်ငွေများကို ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ နှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ (၁၄၀) ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပွဲအတွက် ပြုပြုသမျှ ကောင်းမှုအစုစုတို့အား မြစေတီကျောင်းတိုက် ဆရာတော်ထံမှအနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနာစိရံတိဠတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ပြီးမြောက်ခဲ့သည်။
အဆိုပါ (၁၄၀) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲကို မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းပေါင်း(၁၁၃)တွင် သီတင်းသုံးတော်မူသော ဆရာတော် သံဃာတော်အပါး (၁၀၀၀၀) ကျော်တို့အား ဆေးဝါးနှင့် ၀တ္ထုငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၁,၃၀၀)ကျော်ကို “သက်ရှည်ကျန်းမာ ဘေးရန်ကွာ ချမ်းသာဆင်းလှ ခြံရံလျက် ဗလအား သည်း ပညာကြီး၍ ပစ္စည်းခိုင်မြဲ မကွဲ ချစ်သူ ကျိုးဆယ်ဆူမှာ ဆေးလှူသူတို့ ရဖို့တည်း” ဟူသော အကျိုးဌာ စေတနာရှင် သဒ္ဓါကြည်လင် ပါရမီရှင်များက သဒ္ဓါထက်သန်စွာ ပါ၀င်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)