ကျောက်တန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကျောက်တန်း သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟော​ပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က အ.မ.က မူလွန် (အနောက်ပိုင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် သန်လျင်ခရိုင် စာသုံးသူရေးရာဌာနမှ ဒေါ်ဖြိုးသဥ္ဇာနွယ်က စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ရွှေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်​။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းလွန်းအဆင့်၊ ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသော ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့် အသိပညာပေးနံရံကပ်စာစောင်များကို အခမ်းအနားတက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)