မော်လမြိုင် ဩဂုတ် ၂၂
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လူတိုင်းသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းစေရန် ပြည်သူအားလုံး အာဟာရပြည့်ဝမျှတဖို့က အဓိကအခြေခံအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အာဟာရစောင့်ရှောက်မှုလုပ်ငန်းများကို (၁၉၅၄) ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၇၀)ကျော်ခဲ့ပြီဖြစ်ကြေင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့နှင့်ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများကို (၂၀၀၃)ခုနှစ်ကစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ယခုဆိုရင် (၂၂)နှစ်တိုင်ရှိပြီဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ “ကလေးများအနာဂတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်သတ်မှတ်ထားပါကြောင်း၊ ပြည်သူများ ဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတအောင် နေထိုင်စားသောက်တတ်ပြီး အနာရောဂါကင်းရှင်းကာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာသည့် မိခင်နှင့်ကလေးသေနှုန်းများကျဆင်းစေရေး၊ အာဟာရပြည့်ဝပြီး ကာယနှင့်ဉာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေး၊ ကလေးများ၏အနာဂတ်မှာ ကျန်းမာဖွံ့ဖြိုးသာယာစေရေးအတွက် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် “ကိုယ်ဝန်ဆောင်ကာလ အာဟာရပြည့်ပြည့်ဝဝစားကြစို့” ဗီဒီယိုအားပြသခဲ့ပြီး ပြည်နယ်အဆင့် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သည့် နို့တိုက်မိခင်(၂)ဦးအား ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်အဆင့် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိခဲ့သည့် နို့တိုက်မိခင်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများနှင့် အာဟာရပစ္စည်းများကိုလည်းကောင်း၊ အသက်(၅)နှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးတိုက်ကျွေးကာ လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ခဲ့ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော ၂ဝ၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် KG ကျောင်းသူလေးများအား ကျောင်းတွင်းအာဟာရ ချက်ပြုတ်ကျွေးမွေးနေမှုများကို လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)