ရခိုင်ပြည်နယ် ယာယီနေရပ်စွန့်ခွာစုရပ်(၅၄)ခုရှိ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း

စစ်တွေ  ဩဂုတ်  ၂၂

စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစုရပ်(၅၄)ခုရှိ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စာရေးဆရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လုံခြုံရေးအခြေအနေ အရပ်ရပ်ကြောင့် မိမိတို့၏နေရပ်များကို စွန့်ခွာ၍ ယာယီစုရပ်များ၌ နေထိုင်ကြသည့် ပြည်သူများ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဘုရားကျောင်းဆောင်တစ်ဆောင်၊ လူနေဆောင်(၂၀)၊ စားချက်ဆောင်(၂၈) ဆောင်၊ (၄)ခန်းတွဲ အိမ်သာ (၁၃) လုံး၊ နှစ်ခန်းတွဲ (၁၄)လုံး ဆောက်လုပ်ပေးရန်နှင့် လုံခြုံရေးဆိုလာမီး(၁၃၅) လုံးတပ်ဆင်ပေးရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများကို ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အဆောက်အဦအထူးအဖွဲ့ (၄)တို့အား လုပ်ငန်းအပ်နှံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ဆောင်ရွက်သည့် ဌာနဆိုင်ရာများအနေဖြင့်လည်း စိတ်ရင်းစေတနာအပြည့်အဝဖြင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အလားတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီတိုက်ပွဲရှောင်ပြည်သူများသို့ တစ်ဦးလျှင် တစ်လကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးခဲ့မှုကိုလည်း ကျေးဇူးတင်ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှလည်း ယာယီနေရပ်စွန့်ခွာစုရပ်ရှိ တိုင်းရင်းသားများ၏ လိုအပ်ချက်များကို အစဉ်တစိုက်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များ စစ်တမ်းကောက်ယူ၍ အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ ရက်ကန်းသင်တန်းနှင့် ပန်းရန်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် ဒေသခံတိုင်းရင်းသားများအတွက် ခေတ္တနားခိုရာ၊ နေထိုင်ရာအရိပ်တစ်ခုဆောင်ရွက်ပေးလိုက်ခြင်းဖြင့် ဖြစ်သည့်အတွက် ဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

ထို့နောက် တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ယာယီနေရပ်စွန့်ခွာစုရပ်(၅၄)ခုတွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အဆောက်အဦဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက စုရပ်အလိုက် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊  ဓာတ်ပုံ- ဝင်းမင်းစိုး