မော်လမြိုင် ဩဂုတ် ၂၂
၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် မွန်ပြည်နယ်လက်ရွေးစင် အမျိုးသမီးအေရိုးဗစ်အားကစားသမားများ ပေါ်ထွက်လာစေပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲတွင် မွန်ပြည်နယ်အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှုရရှိစေရန်၊ အမျိုးသမီးအားကစားကဏ္ဍ တိုးတက်မြင့်မားလာရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြရန်၊ ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင် မြို့နယ်အသင်း (၁၀) သင်းမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး (၁၀)မြို့နယ် ပြိုင်ပွဲဝင်အားကစားသမားများမှ သရုပ်ပြ ကပြဖျော်ဖြေနေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)