ကျိုင်းတုံ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အရာရှိစစ်သည်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့်ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို မိုင်းခွန်တပ်နယ်ရှိ တပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်ရှင်းဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်စုမွန်ကျော်က အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံ၊ အသုံးပြုနည်းများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော အရာရှိစစ်သည်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြမဲပေးခြင်း ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းချက်အပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)