ကျိုင်းလပ် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ်(၁)နာရီက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်ကောင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ (Book Club)အဖွဲ့ဝင် ဦးကျော်ဝင်းက ဦးဆောင်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “ခေါင်းဆောင်ကောင်း” စာအုပ်မှ “ လူအများနှင့်ပြေပစ်စွာဆက်ဆံနည်း” ခေါင်းစဉ်ဖြင့် လူအများနှင့်ဆက်ဆံသည်ဖြစ်စေ၊ လူတစ်ဦးနှင့်တစ်ဦးချင်းစီနှင့် ထိတွေ့ရသည်ဖြစ်စေ နိုင်ငံဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း စသည်တို့သည် လူအများနှင့်ဆက်ဆံနည်းကို သေချာစွာသိရှိ၍ ကျင့်သုံးမှသာလျှင် မိမိတို့ရည်ရွယ်ချက်နှင့် ဘဝတိုးတက်အောင်မြင်မှုကို ရကြမည်ဖြစ်ကြောင်း ဆွေးနွေးပြီး၊ (Book Club)အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်ထွေးက “တန်ဖိုးရှိတဲ့အလုပ်” ခေါင်းစဉ်ဖြင့် မိမိတို့ဘဝကို ကောင်းအောင်ဆိုးအောင် တော်အောင်ညံ့အောင် စီမံတာဟာမိမိတို့ရဲ့အလုပ်ရွေးချယ်တာ မှန်ကန်ခြင်းနဲ့အလုပ်ရဲ့ ကုန်ထုတ်လုပ်မှုအရည်အသွေးကောင်းခြင်း၊ မိမိကိုယ်တိုင်အလုပ်ကို သေချာစွာစီမံခြင်း၊ အလုပ်ကြီးကြီးသေးသေး အောင်မြင်ချင်လျှင် အခြေခံလိုအပ်ချက်ရှိကြောင်း၊ နောက်ဆုံးဆွေးနွေးချက်အနေဖြင့် လုပ်ငန်းတစ်ခုအောင်မြင်ချင်လျင် အရှည်မြော်မြင်ခြင်း၊ ရှင်းလင်းရမည်၊ တိကျရမည်၊ ပေါင်းစပ်ညှိနှိုင်းရမည်၊ အလုပ်အချိန်မီပြီးရမည်၊ အမြဲလေ့ကျင့်ရမည် စသဖြင့် ဤ(၆)ချက်ကို ပြည့်စုံအောင်မဖြစ်မနေ လိုက်နာကျင့်သုံးခြင်းဖြင့် အလုပ်အောင်မြင်စေကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များကလည်း မိမိတို့သိလိုသော အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)