တာချီလိတ် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ်များ ပြန်လည်တုံ့ပြန် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက တာချီလိတ်မြို့နယ်အတွင်း ဇူလိုင်လမှစ၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လာမည့်စက်တင်ဘာလတွင် ယခင်နှစ် စိုးရိမ်ရေမှတ်ထက်ကျော်လွန်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ခြင်းကြောင့် ရေကြီးရေလျှံမှုများ ကာကွယ်နိုင်ရန်နှင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန် မယ်ဆိုင်ချောင်းဘေး ရေထိန်းနံရံများအား အဆင့်မြင့်တင်ခြင်းနှင့် ရေထိန်းတံခါးများအား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် လိုအပ်ချက်များအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များက ရေကြီးရေလျှံမှုများအတွင်း ရေဘေးသင့်ပြည်သူများ၏ စားဝတ်နေရေး၊ နေရာချထားရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များ၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများထားရှိရေး စသည့်ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)