တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

တာလေ  သြဂုတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က  ဌာနဆိုင်ရာရုံးများထံ သွားရောက်အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

ထိုသို့ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရသစာအုပ်ပေါင်း (၁၅၀)ကို  သယ်ဆောင်၍ တာလေမြို့ရှိ ထွေ/အုပ်ဦးစီးဌာနထံမှ ယခင်အပတ် ငှားရမ်းထားသော စာအုပ်၊ စာစောင်များ ပြန်လည်အပ်နှံမှုကိုလက်ခံခြင်း၊ စာအုပ်၊ စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာလေမြို့ရုံးအနေဖြင့် စာချစ်သူ မိဘပြည်သူများနှင့် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)