ရန်ကုန် သြဂုတ် ၂၂
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်စာကြည့်တိုက်မှ အသိပညာဗဟုသုတများ ရရှိသည့်နေရာဖြစ်ပါကြောင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား "ကလေးတို့အတွက် မြန်မာစကားပုံများ" ခေါင်းစဉ်စာအုပ်ဖြင့် ဖတ်ရှုပြောပြခဲ့သည်။
ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက သန်လျင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပြတိုက်ငယ် (Mini Museum) တွင် ပါရှိသည့် ခရိုင်အတွင်းရှိအထင်ကရ မှတ်တမ်း၊ ရှေ့ဟောင်းသမိုင်းဝင် မှတ်တမ်း၊ မြို့နယ်အတွင်းရှိ တက္ကသိုလ်မှတ်တမ်း၊ ဖွံ့ဖြိုးတိုးတက်လာသော အိမ်ရာစီမံကိန်းမှတ်တမ်းများ၊ ဒေသထွက်လက်မှုပစ္စည်းများအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ