မိုင်းပျဉ်းမြို့တွင် မြို့နယ်ပညာရေးမှူးဖလား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်း‌ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

မိုင်းပျဉ်း ဩဂုတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်ပညာရေးမှူးဖလား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် U-18 (ကျား/မ)၊ U-13(ကျား/မ) မိုးရာသီ ကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယ‌မန်နေ့ညနေ (၅) နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  U-18 (ကျား)အသင်းများမှ အ.ထ.က-မိုင်းပျဉ်းနှင့် အ.ထ.က-(ခွဲ)အသင်းတို့က ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို တစ်ဆက်တည်းကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ U-18(ကျား)တွင် ပထမဆုရရှိသော အ.ထ.က-မိုင်ပျဉ်း၊ ဒုတိယဆုရရှိသော အ.ထ.က(ခွဲ)၊ U-13(ကျား)တွင် ပထမဆုရရှိသော အ.ထ.က-မိုင်ပျဉ်း၊ ဒုတိယဆုရရှိသော အ.ထ.က-မိုင်းမန်း၊ U-18(မ)တွင် ပထမဆုရရှိသော အ.ထ.က -မိုင်ပျဉ်း၊ ဒုတိယဆုရရှိသော အ.ထ.က (ခွဲ)၊ U-13(မ)တွင် ပထမဆုရရှိသော ထွန်းတောက်ကြယ်အသင်း၊ ဒုတိယဆုရရှိသော မွန်းစတားအသင်းတို့အား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိများက အသီးသီး ဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ မြို့နယ်ပညာရေးမှူးဖလား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ စစ်ဗျူဟာမှူးနှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအရာရှိများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား‌၊ ကျောင်းသူများနှင့် ဘောလုံးအားကစားအသင်းများနှင့် အားကစားနည်းပြများ စုံလင်စွာ တက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)