ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ လူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

တောင်ကြီး သြဂုတ် ၂၂

ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေရသည့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်အောက်ရှိ ကလေးများကို မိမိဘဝရပ်တည်နိုင်ရန်၊ မိသားစုဝင်ငွေတိုးတက်စေရန်နှင့် အန္တရာယ်ရှိသည့် အလုပ်အကိုင်များတွင် ကလေးအလုပ်သမားပပျောက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center)၌ လူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ပထမငါးနှစ်စီမံချက်ကာလအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် သက်မွေးသင်တန်း (၃၀)မျိုးမှ သင်တန်းသား (၆၅၇) ဦးကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် သက်မွေးအထောက်အကူပြု ပစ္စည်းများပေးအပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် သက်မွေးသင်တန်း (၈)မျိုးမှ သင်တန်းသား၊ သင်တန်းသူ (၂၄၀)ဦးကို အလုပ်အကိုင်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သက်မွေးသင်တန်း (၆)မျိုး ဖွင့်လှစ်ရန် ရှမ်းပြည်နယ်အစိုးရမှ ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ယူခွင့်မရရှိတော့သည့် သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်ချိန်မှာ ကြိုးစားသင်ယူပြီး သင်တန်းကရရှိသည့် သက်မွေးပညာနှင့် ဘဝရပ်တည်နိုင်ရေး ဆောင်ရွက်နိုင်ကြစေရန် ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ချိန်ခါမှီ ဓမ္မလုံးကောင်ကျောင်းတိုက်၊ ပညာရေးတာဝန်ခံဆရာမ ဒေါ်နန်းခမ်းကြွားထံ စားစရိတ်ငွေများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများအား သင်တန်းနည်းပြများထံ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများကို အားပေးစကားပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆေးရောင်စုံခြယ်ပြိုင်ပွဲတွင် ဆုရရှိသည့် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်က ဆုများ ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်များ ဝေငှပေးခဲ့ကြကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ရေထွက်ဦးရေကန်တာပေါင်မြှင့်တင်ခြင်းနှင့် လှိုင်းကာကျောက်နံရံစီခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများမှ ရေထွက်ဦးရေကန်ဆိုင်ရာရေပေးဝေရေးအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တောင်ကြီးမြို့၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ကွင်းဆင်းတိုင်းတာပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများကို မိုးမကုန်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ရေကြီးရေလျှံမှုမဖြစ်စေရေး ရေစီးရေလာကောင်းမွန်စေရေးအတွက် ဗိုလ်ချုပ်လမ်းတလျှောက်ရှိ ပင်မရေဆိုးထုတ်မြောင်းအား မြင်းစီးရုပ်အနီးရှိ လမ်းဖြတ်တံတားနှင့် စဝ်စံထွန်းဆေးရုံအနီးရှိ လမ်းဖြတ်တံတားများမှတစ်ဆင့် ရေခွဲထုတ်စေလွှတ်နိုင်ရေး ဦးစားပေးဆောင်ရွက်‌ပေးရန်လိုအပ်ပါကြောင်း၊ တောင်ကြီး၊ အေးသာယာ၊ အောင်ပန်း၊ ကလောမြို့များတွင် တိုးချဲ့ရေပေးဝေရေးလုပ်ငန်းများကိုလည်း စဥ်းစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေထွက်ဦးလမ်း၊ လမ်းဘေးဝဲ၊ ယာမြေညှိခြင်းဆောင်ရွက်နေမှုအခြေအနေနှင့် တောင်ကြီးခရိုင်၊ မြို့နယ်စုပေါင်းရုံးရှေ့တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့၊ ဘက်စုံသုံးပြည်နယ်လေ့ကျင့်ရေးရုံရှေ့သို့ရောက်ရှိရာ နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပင်စင်စား (၁)ဦးကို တစ်လလျှင် ဆန်(၈)ပြည်၊ စားအုန်းဆီ(၁)ပိဿာတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကိုလည်းကောင်း၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှသက်သာသော ဈေးနှုန်းဖြင့် ကြက်ဥရောင်းချပေးနေမှုကိုလည်းကောင်း၊ ပင်စင်ထုတ်ရက်တွင် ပင်စင်စားဝန်ထမ်းများက လာရောက်ဝယ်ယူနေမှုကိုလည်းကောင်း ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်(အမျိုးသား)ဒုတိယနေ့ပွဲစဥ်များ ယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ဒုတိယနေ့ပွဲစဥ်များကို ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဒုတိယနေ့ပြိုင်ပွဲတွင် အုပ်စု(ဂ)မှ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက သုံးဂိုးနှစ်ဂိုးဖြင့်လည်းကောင်း၊ အုပ်စု(ဃ)မှ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ အုပ်စု(က)မှ ရှမ်းပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းက လေးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိသွားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)