မချမ်းဘော ဩဂုတ် ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် ဗလငါးတန်ပြည့်စုံစွာဖွံဖြိုးလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးနောင်ထုန်းခေါ့ထိန်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုစတင်ရာ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-11 မှ မောင်လွမ်းသက်အောင်က လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မောင်အားတီရမ်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဂျာဆိုင်းဂူက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ မနန်ဇီလွန်းက လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးခဲ့ပြီး စကားဝိုင်း တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ကာ ဦးဆောင်ဆွေးနွေးသူက ဖြည့်စွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် စကားဝိုင်းတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူက ၂၀၀ ဦးတို့က ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ