ကျောက်ဆည်မြို့တွင် ပလပ်ခုံအပူလွန်ကဲရာမှ လောင်မှုဖြစ်ပွား

ကျောက်ဆည် ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ပြည်လုံးနိုင်အုပ်စု၊ စုကြီးထန်းတောတွင် ယမန်နေ့နံနက် ၁ နာရီ ၅ မိနစ်ခန့်က ပလပ်ခုံအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပလပ်ခုံအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး အလျား(၃၀)ပေ၊ အနံ(၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းမြေစိုက်(၂)ထပ်အိမ် (၁)လုံးမီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရာသို့ ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးဦးစောလွင်အေး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့် သန္ဓေတပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် ပြည်သူများပူးပေါင်း၍ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီးနှင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ (၁)နာရီ (၁၉)မိနစ်တွင် မီးလုံးဝငြှိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူအား ဥပဒေအရအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

သက်မောင်(ကျောက်ဆည်)