နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်း ကြည့်ရှုအားပေး၊ နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်

နေပြည်‌တော် ဩဂုတ် ၂၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပြီး ပင်စင်လစာလာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းကို ကြည့်ရှုအားပေးပြီး အငြိမ်းစားဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမသို့ သွား‌ရောက်ပြီး နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး ကို ထည့်သွင်းချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်ရေစပါးကောက်ပဲသီးနှံများ တိုးတက်ထုတ်လုပ်ရန် လိုအပ်သကဲ့သို့ အသား၊ ငါး ၊ နို့ ၊ ဥ တိုးတက် ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ အခုကျင်းပပြုလုပ်သည့် နေပြည်တော်အတွင်း နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဒေသနွား၊ နို့စားနွား၊ အသားတိုးနွားများကို ဒေသတွင်းစနစ်တကျနှင့် အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူထုတ်လုပ်လာနိုင်ကြစေရန် ဝိုင်းဝန်းဆွေးနွေးပြီး အချက်အလက်ကောင်းများ ဖော်ထုတ်ရှာဖွေသွားကြရမှာဖြစ်‌ကြောင်း၊ လက်တွေ့မွေးမြူသူများကို သိပ္ပံနည်းကျစနစ်တကျ မွေးမြူထုတ်လုပ်နိုင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ မွေးမြူသူများ၏ လိုအပ်ချက်၊ အခက်အခဲများကိုလဲ  ပူးပေါင်းအဖြေရှာဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း၊ သာမာန် မိရိုးဖလာ လွှတ်ကျောင်းမွေးမြူရေးများကို လှောင်မွေးစနစ်၊ ခေတ်မီမွေးမြူရေးစနစ်များ ကူးပြောင်းလာအောင် စည်းရုံးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တိရစ္ဆာန်အစာကုန်ကြမ်းရရှိရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် တိရစ္ဆာန်အစာပင်များစိုက်ပျိုးရေး၊ တိရစ္ဆာန်အစာ ပြုပြင်ကျွေးမွေးရေး စနစ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေး၊ ဈေးကွက်တည်ငြိမ်ရေးချိတ်ဆက်ညှိနှိုင်း‌ရေးနှင့်၊ အရည်အသွေးမြှင့် မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် အားပေးကူညီခြင်း၊ နည်းပညာပံ့ပိုးခြင်းများကိုလည်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊  စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများနှင့်  တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုး‌မွေးမြူရေးကဏ္ဍများတွင် စနစ်တကျပြန်လည်အသုံးပြုခြင်းဖြင့် မွေးမြူရေးထုတ်ကုန်များ ပိုမိုအကျိုးအမြတ်ရရှိလာမည်ဖြစ်ကာ သီးနှံများပန်းတိုင်အထွက်တိုး၍ လယ်ယာမြေအရည်အသွေးများကိုလည်း ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း၊ နွားများအတွက် တိရစ္ဆာန်အစာပင်(နေဗီယာ၊ မွန်ဘားဆား၊ အစ္စရေးမြက်၊ နှံစားပြောင်း)များကို စနစ်တကျ တိုးချဲ့စိုက်ပျိုးရန်နှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် နည်းစနစ်ကျကျ အဆင့်မီ တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦစီးဌာန ညွန်ကြားရေးမှူးက မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခင်းကျင်းပြသထားမှုများ၊ နွားအမျိုးအစားများ ပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့‌‌ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)