‎မဟာအောင်မြေမြို့နယ် တက္ကသိုလ်ရပ်ကွက် တိုက်တန်းဓမ္မာရုံ၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

မဟာအောင်မြေ ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် တက္ကသိုလ်ရပ်ကွက်အတွင်းရှိ အများပြည်သူများကို မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်(၂၂) ရက်နေ့က  တိုက်တန်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ လုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုခြင်း နည်းလမ်းများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသော မဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျှင်မြန်စွာ ကြေညာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို မဟာအောင်မြေမြို့နယ်ရှိ ကျန်ရပ်ကွက်များသို့ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အောင်ဇော်မင်း