အ.ထ.က(ထန်းမနိုင်)ကျောင်း၌ ကျန်းမာရေးအသိပညာပေးဟောပြော

ကော့မှူး ဩဂုတ် ၂၂

ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ထန်းမနိုင်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဌေးက ယခုအခါမိုးများ ရွာသွန်းမှုများနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါသည် အချို့ဒေသများတွင် ကူးစက်မှုများရှိနေကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားအကိုက်ခံရခြင်းမှ တစ်ဆင့်ကူးစက်ခြင်းဖြစ်ကြောင်း၊ ခြင်ကျားသည်ရေကြည်ရေသန့်တွင် ပေါက်ပွားပြီး နေ့ဘက်တွင်လူကိုကိုက်ခြင်းဖြစ်ရာ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရန်လိုအပ်သကဲ့သို့ ခြင်များမခိုအောင်းနိုင်စေရန် ရှင်းလင်းရမည်ဖြစ်ကြောင်း၊ ရေကောင်းရေသန့်ရရှိရေးသည်လည်း အရေးကြီးကြောင်း၊ မသန့်ရှင်းသောရေနှင့် အစားအစာများကို စာသောက်မိရာမှတစ်ဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရခြင်း၊ ရောဂါဖြစ်ပွားလေ့ရှိသည့် အချိန်ကာလများ၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန် အချက်များနှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနတွင် အချိန်မီဆေးကုသခံယူသင့်ကြောင်းနှင့် ကျန်းမာရေးနှင့်ပတ်သက်သောအကြောင်းအရာများအား ဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည် ဆွေးနွေးမေးမြန်းမှုများကို ဒေါက်တာသန်းဌေးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းများ သန့်ရှင်းရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ