မန္တလေး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ဗဟိုကော်မတီမှ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်နှင့်အညီ စိစစ်ဖြေရှင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြဌာန်းထားသည့် မူဝါဒ၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း တိကျမှန်ကန်စွာလိုက်နာကာဌာန အချင်းချင်းချိတ်ဆက်ပူးပေါင်း၍ သမာသမတ်ကျကျ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကော်မတီ၏ အတွင်းရေးမှူး တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးချစ်ကိုကိုက တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးယခင်ကော်မတီက ဆောင်ရွက်ထားရှိမှု၊ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတင်ပြပြီးနောက် ခရိုင်များမှ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌများက ယခင်အစည်းအဝေးဆွေးနွေးချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြအကြံပြုကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့် အကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်